top of page
Search

သတင်း 316

  • Writer: ကျူးလိပေါင်
    ကျူးလိပေါင်
  • Nov 9, 2024
  • 2 min read

ကိစ္စများမြောင် တော်လှန်ခရီး ရေစီးထဲ မျောပါနေလို့ စာသိပ်မရေးဖြစ်ပါဘူးဗျာ။ သို့သော် ကြားရမြင်ရ အမျိုးမျိုးအဖုံဖုံ၊ စုံလင်ကွဲပြား၊ မချင့်မရဲ၊ အားမလိုအားမရ၊ ပြစ်တင်ဝေဖန်၊ စောကြော ငြူစူစောင်းမြောင်း၊ အာပေါင်အာရင်းတွေသန်နေကြတာတော့လည်း တွေ့မိပါရဲ့။ အထူးသဖြင့် မြနန္ဒအေးအောင်ရဲ့ တကျော့ပြန်ထုတ်ပြန်ချက်ရဲ့ လှုပ်ခတ်မှု။ မရှေးမနှောင်းမှာ ဆက်တိုက်ဆိုသလို လိုက်ပါလာတဲ့ K2C နဲ့ အပေါင်းပါ ၉ ဖွဲ့ရဲ့ ထုတ်ပြန်မှုတွေကို တထောင့်တနား မြင်သမျှထင်သမျှ ဆော်ပလော်တီးကြသံ၊ ဘဝဂ်ညံမျှ ဖြစ်တော့သကိုး။ ညီနောင် မဟာမိတ် ၃ ဖော်ဆိုတာ နုကြည်နဲ့ ဘယ်တုံးကများ ပေါ်တင် ပလူးပလဲ လုပ်နေတယ်လို့ ကြေညာဖူးလို့လဲ။ ၁၀၂၇ ပထမလှိုင်းတုံးကရော နုကြည်နာမည် ဖွင့်ဟလှစ်ဆို ပြောခဲ့ဖူးလို့လား။ ငတို့ကိုယ်တိုင် ၁၀၂၇ အောင်မြင်မှုကို နုကြည်နဲ့ လားလားမှမဆိုင်။ ဖျာခင်းဖို့ စိုးစဉ်းမျှ မတွေးလေနဲ့ ဘာညာ သာရကာ နုကြည်ကို သောက်ဖောင်းတွေထိုင်ထုခဲ့ကြတာပဲ မဟုတ်လား။ သို့သော် သို့သော်…… အနှီလို တော်လှန်ရေးအရွေ့ဆိုတာ မအလပြုတ်ကျရေးအတွက် တိုက်ပွဲဝင်နေကြတဲ့အဖွဲ့တွေကြား သူစိမ်းပြင်ပြင် ဘာဆို...... ဘာမှ မပြောမဆို.. တိုင်ပင်မချိန်.. ညှိနှိုင်းဆွေးနွေးမှု မရှိဘဲ ဘယ်ဖြစ်နိုင်ပါ့မလဲ။ အနိမ့်ဆုံးအဆင့် “ရန်သူရဲ့ ရန်သူဟာ မိတ်ဆွေပဲ” ဆိုတာလောက်တော့ သူတို့ကြားထဲ သဘောတူညီချက် ရှိရှာမပေါ့။ ကြားမိသလောက် (သိပ်တော့ မမှားနိုင်) ညီနောင် မဟာမိတ် ၃ ဖော်နဲ့ နုကြည်ကြားမှာ အားကောင်းတဲ့ အပြန်အလှန် အပေးအယူတွေ ရှိပါသတဲ့။ ကိုယ်လိုတာ သူဖြည့်၊ သူလိုတာ ကိုယ်ဖြည့် ဆိုတာမျိုးတဲ့။ နုကြည်ဖက်က ညီနောင် ၃ ဖော် လိုအပ်တဲ့ ရုပ်ဝတ္ထုပစ္စည်းနဲ့ ငွေကြေးတချို့ ပံ့ပိုးသလို၊ ညီနောင်များဖက်ကလည်း နုကြည်လိုတဲ့ နှုတ်ခမ်းနီကစလို့ ဖြည့်ဆည်းပေးပါသတဲ့။ ဘယ်သူက ဘယ်သူ့ကို ပိုမိုဖြည့်ဆည်းပေးကြတယ်ဆိုတာမျိုးထက် အပြန်အလှန် သူ့လိုအင်ကိုယ်ဖြည့်၊ ကိုယ်လိုတာ သူပံ့ပိုးနဲ့ အတော် အစေးကပ်ကြပါသတဲ့။ နုကြည်ဖက်က ဒေါ်လာ သန်းချီ ငွေသား မျှဝေမှုရှိတဲ့အပြင်၊ စစ်ပွဲထဲ ထိခိုက်ဒဏ်ရာရသူတွေကို ကူညီကယ်ဆယ် ကုသရေးနဲ့ဆိုင်တာတွေ လူအား ပစ္စည်းအား ပုံအောအားဖြည့်ခဲ့တာတွေလည်း ရှိခဲ့ပါသတဲ့။ ညီနောင် ၃ ဖော် ဖက်ကလည်း “ကျည်လိုချင်ရင် ကျည်ရစေရမယ်” “အတိုအရှည်လိုရင် အတိုအရှည် ရစေရမယ်” ဆိုတာမျိုး တပြန်တလှည့် အားဖြည့်ပေးပါသတဲ့။ ဒီတော်လှန်ရေး ကာလတလျှောက်လုံး လိုအပ်တဲ့ နှုတ်ခမ်းနီ၊ ပါးနီ အကုန်လုံးက မြောက်ပိုင်းကပဲ မြစ်ဖျားခံ စီးဆင်းနေခဲ့ကြတယ်ဆိုတာ ဗေဒင်မေးစရာမလိုဘဲ အကုန်သိ မဟုတ်လား။ မကြာခန အဖမ်းခံရတဲ့ ပစ္စည်းသတင်းတွေကြည့်ရင် ဘယ်ကနေ ဘယ်ကသွားလို့ ဘယ် လမ်းခုလတ်မှာ ဘယ်မအိမ်လုံးတွေ လက်ထဲ ရောက်ကုန်တယ်ဆိုတာ သက်သေပါပဲ။ အဲ့သဟာကို...... ဘယ်သူက ဘယ်သူ့ဆီက.. ဘယ်လိုတွေ အလကားရလို့.. ဘယ်လိုတွေ ပိုက်ဆံပေးဝယ်ရလို့.. ဘယ်လောက်တော့ လမ်းခုလတ်မှာ အဖမ်းခံ၊ဆုံးရှုံးကုန်ပါပြီလို့ သတင်းစာရှင်းလင်းပွဲကြီး ဝဲချီး ကျင်းပအသိပေးဖို့ လိုသေးလို့လား။ မြင်တတ်၊ ဖတ်တတ်၊ တွေးတတ်ရင် ရှင်းရှင်းကြီး ဘွင်းကနဲ ပေါ်ပြီးသားပဲ ဟာကို။ ကျနော်/ကျမတို့က အဲ့သလောက်အထိ မမြင်မတွေး တတ်ဘူးဆိုသည့်တိုင် မအလနဲ့ သာကောတို့ကတော့ သေချာသိသဗျ။ ဒါကြောင့်လည်း အညှာကို ကိုင်တဲ့အကွက် သာကောက ထုတ်သုံးတော့တာပေါ့။ ကြုံလို့ ပြောရရင် ကျွန်ုပ်တို့ နွေဦးတင်မက ယူကရိန်း၊ ရုရှား အထိ သာကောရဲ့ ခလုတ်အဖွင့်အပိတ်သက်ရောက်မှုက အတိုင်းအတာတခုအထိ ရှိနေပါတယ်။ ဥပါဒန္တု ပြောရရင်........ နှုတ်ခမ်းနီထုတ်ဖို့ လိုအပ်တဲ့ အဓိကကုန်ကြမ်းက ဒီနေ့ခေတ်ကမ္ဘာမှာ သာကောရဲ့ လက်ဝယ်မှာ ရှိပါသတဲ့။ (မယုံရင် အောက်ကလင့်ကို ဝင်ဖတ်ကြည့်တော်မူကြပါ) ဒီလို အခြေအနေအောက်မှာ နုကြည်နဲ့ တချို့ မဟာမိတ်တွေကြား ပလဲနံပ သင့်မှုကို ပေါ်တင်ထကြွယ်ဖို့ဆိုတာ တိမ်တောင်သဖွယ် မင်းရေးကျယ် ဆိုသလို ဖြစ်နေမှာပါပဲ။ မြနန္ဒာအေးအောင်ကို နုကြည်က ဒေါ်လာ သန်းဂဏန်း သုံးလိုရာသုံးစေ ပေးခဲ့သလို မြနန္ဒာတို့ဖက်ကလည်း ခွေးသနပ်ထောင်ဂဏန်းနဲ့ ခွေးကျဉ် သိန်းဂဏန်း ရော့အင့်ဆိုပြီး စေတနာသုံးတန်ပြဌာန်း လှူဒါန်းခဲ့ပါသတဲ့။ ဒါတွေကို.. ဒါတွေကို.. သူတို့ ကာယကံရှင်တွေကတော့ ဘယ်ပြောသာလိမ့်မလဲ။ ဆိုတော့ကာ......အပေါ်ယံ မြင်ရ၊ကြားရ တွေနောက် ကောက်ကောက်ပါအောင် လိုက်ပြီး နွေဦးဟာ လေရူးတွေနဲ့ လွင့်သွားပါပကောလို့ မထင်ကြစေချင်ပါ။ နွေဦးဟာ.. အထွေအထူး စုံလင်စွာနဲ့ ပန်းတိုင်ဆီသို့သာ.. အင်နဲ့အားနဲ့ ရွေ့ချီဆက်လှမ်း အရောက်လှမ်းလျက်ရှိပါကြောင်း။ ဆို့စ်-ကျူးလိပေါင်သတင်းစဉ် (ငတို့မှာ အားလုံးရှိပါသေးတယ် ကဏ္ဍ)

 
 

Recent Posts

See All
ကျူးလိပေါင် သတင်းစဉ် (နိုင်ရာဝန်ထမ်း နွေဦးလမ်းကို ကမ်းကပ်သည်အထိ လျှောက်ကြရအောင် ကဏ္ဍ)

လူထုနွေဦးက အတိတ်စိမ်းပေးမှတော့ ဒီအပတ် အပူးအခွသာထိုး။ ခုန်ဆင်း၊ အိမ်တိုင်ချွတ်၊ နားကပ်ပေါင်၊ မီးဖိုချောင်ရေကြီး၊ မီးခိုးတိတ် ပိတ်သာထိုးကြ။...

 
 
ကျူးလိပေါင် သတင်းစဉ် (ဒိုမီနိုကြင်စိုး၏ နောက်ဆုံးနေ့များ ကဏ္ဍ)

သေ့ ဘော ဘိုး ရပီတဲ့။ မုတ္တမဂေလန်းတော့ ညလုံးပေါက် အိပ်နိုင်မယ်မထင်။ ဒင်းတို့အဖြစ်ကလဲ သူ့ကျွန်မခံပြီဇာတ်ကား ကြည့်ရသလိုပဲ။ နိုင်နိုး...

 
 
ကျူးလိပေါင် သတင်းစဉ် (လမ်းပုခုံးမေးတင်၊ပြေးရန်ပြင်၊ ငကြင့်ဖြစ်အင် ကဏ္ဍ)

အကုသိုလ်ကောင်နဲ့ တခါလား နှစ်ခါလား လက်လေးဆွဲ နှုတ်ဆက်မိပါတယ်။ ငပူတင်းဘွ အိမ်ဦးခန်း ဖွတ်တက်ကိန်း ဆိုက်ရှာပြီ။ ဗျူဟာမြောက်ငှက်တွေ...

 
 
  • Telegram
  • Facebook
bottom of page