ကျူးလိပေါင် သတင်းစဉ် (လမ်းပုခုံးမေးတင်၊ပြေးရန်ပြင်၊ ငကြင့်ဖြစ်အင် ကဏ္ဍ)
- ကျူးလိပေါင်
- Jun 3
- 1 min read
အကုသိုလ်ကောင်နဲ့ တခါလား နှစ်ခါလား လက်လေးဆွဲ နှုတ်ဆက်မိပါတယ်။ ငပူတင်းဘွ အိမ်ဦးခန်း ဖွတ်တက်ကိန်း ဆိုက်ရှာပြီ။ ဗျူဟာမြောက်ငှက်တွေ အသိုက်ထဲမှာတင် ပိုးစိုးပက်စက် တုံးလုံးပက်လက်။ ဘိုတုက လက်ဆိပ်ရှိတယ်။ သူလက်နဲ့ထိသမျှ အကုန် ကလားနာတိုက်တာပဲ။ ငရှီလဲ ဘိုတုနဲ့တွေ့ပြီးနောက် ထွမ့်ထည့်တာ တဆုံးခံနေရရှာ။ မထင်ပေါ်တဲ့ ငကြင်လော်ကို စင်ပေါ်တင်ပေးတဲ့ မနှဲလေးတို့ တမျိုးလုံးလဲ သာစင်ကို ဘာထင်သလဲအထာနဲ့ ကြောက်ကန်ကန်အော်နေရပြီ။
ဘိုတုက ဗြဟ္မာကြီးဦးခေါင်းလိုမျိုး ကောင်းကျိုးနည်းနည်းမှ ပေးလေ့မရှိ။ ရေမှာချ ရေခမ်း၊ မြေမှာထား တော်လဲ၊ လေမှာထား မီးလောင် စကြဝဠာဒုက္ခအိုး ဆိုတဲ့ကောင်။
အားအားရှိ ယတြာချည်း လှိမ့်ချေနေလို့ တပ်တွင်းမကြေနပ်မှုကလဲ ပေါက်ကွဲလုလု။ တည်းတည်းလေးပဲ ကျန်တော့သတဲ့။ ဒါဘေမက် အာ့တွေ သူစိတ်မဝင်စား။ “ယတြာတောမှာ ပျော်တယ်ဆိုတဲ့ အောင်ရေအောင်ရေ” တေးသွားနဲ့ လေးဖြန်းမလက်ဆွဲပြီး သူ့လွတ်မြောက်နယ်မြေ ထဲ ယတြာ ပတ်ချေနေဆဲ။
ဘျင်ရူး ရောဂါလဲ ဆေးကမမီတော့။
အလ္လဇ္ဇီ ဂဒုံးတည်တဲ့ဘုရား ဌာပနာသွင်းတာတောင် မကိုဋ်။ “မဏိဇောတ သွက်ချာပါဒ၊ အဂ္ဂမသာ သမ္မတ” ဘွဲ့ယူဖို့ အကြံနဲ့။
သို့သော် အငုံးလေး၊ ပါကင်လေးပါလို့ ပြောနေရင်းတန်းလန်း အောက်ကရေမွှာပေါက်လို့ သောက်ရှက်ဗြန်းဗြန်းကွဲရတဲ့ အဖြစ်မျိုးထက် မပို။
လက်တွေ့မှာ ဂျပုမိုက်အတွက် ကေနုက အခုတိုက် အခုယူ၊ ဗျူဟာနဲ့ ဆော်ပြနေတာသာကြည့်။ ရလိုက်တဲ့ ပစ္စည်းတွေဆိုရင် “ကျည်ကိုရေချိုး၊ အမ်ဖိုး မီးလှုံ၊ မော်တာတောင်လိုပုံ”။ ခပ်တွေးရဲ့ ဗျူဟာက “ပစ္စည်းမမက်နဲ့ လူလွတ်အောင်ပြေး” ဗျူဟာဆိုတော့ ဒီလောက်တော့ ရှိ ပေမပေါ့။
အခုဆို “စခန်းသိမ်းပေးကြစမ်းပါ မြို့သိမ်းပေးကြစမ်းပါ ရာထူးတိုးပေးပါ့မယ်ဟ” လို့ သူ့ခမျာ့ ဟန်တောင်မဆောင်နိုင် ထွက်ဟောင်နေရပြီ မဟုတ်လား။
သူဘယ်လောက် မိုတီပေးပေး အောက်မှာက လဒူနဲ့ အနူ၊ အိုနာကျိုးကန်း ကြာဇံအုံးကြောင်တွေချည်းမို့ အရာထင်စရာမရှိ။ ဒီကြားထဲ လက်န-က်ချ၊ ထွက်ပြေး၊ ဘက်ပြောင်းကြသူတွေလဲ များသထက်များလာ။ တချို့က ဒီအတိုင်းပဲဆင်းလာခဲ့တယ်ဆိုပြီး ဖျင်နဲ့ယီးပဲပါ။ တချို့ကတော့ အထုတ်လေးအထည်လေးနဲ့ အတိုအရှည်ပါ 'မ"လာ။ ဒီပုံအတိုင်းဆို သောင်ပြင်မှာ ခရုက ဖျင်လိုက်ထိုးရင်တောင် ဂျပုအတွက် လွတ်လမ်းဘယ်မမြင်။
ကျောက်ဖြူမှာ ပါသွားတဲ့ ဦးဂျီဝမ်းရုပ် သူပြန်ကြည့်မိပြန်တော့လဲ “ သူအို၊ သူနာ၊ သူသေ၊ ကြိုးစင်” ဆိုတဲ့ နိမိတ်ကြီးလေးပါးသာ သူ့ စိတ်သန္တန်မှာ ထင်ရှားဖြစ်ပေါ်လာသမို့ မထောင်းတာလှ။ ဒီကြားထဲ အချင်းချင်းမယား၊ ဇာတ်တူသားစား မုဒိန်းကျင့်တဲ့ဇာတ်လမ်းတွေက ဖုံးမ နိုင် ဖိမရနဲ့ တပ်ကပျက်သထက်ပျက်လာ။
ငလျင်ဗန်းပြ အလှူခံစားတာကလဲ ထင်သလောက် နေ့တွက်မစီ၊တွက်ချေ မကိုက်လှ။ ဘိလပ်မြေတွေလှူပါ၊ ကျန်ဆစ်သံချောင်းတွေလှူပါ (သူ့အုတ်ဂူဆောက်မို့ထင်) တောင်စဉ်ရေမရ ထွက်ပြောရတဲ့ ဘွရောက်နေတာသာကြည့်တော့။ ဒါတောင် ယအုကိုဆင်ကော်သုတ်ထားမိလို့ 'မ"ထားတဲ့လက် ခွါမရတော့တဲ့ ခိုနီခိုပြာတွေ ကျန်နေသေးလို့ ရုပ်မပျက်တာ။
ဒီကြားထဲ အဂ္ဂမဟာပညာကျော် ကျူးပဏ္ဍိတ်ရဲ့ ငလျင်တဘောင်က တကယ်ဖြစ်လာ။
“နပတတလင်း၊ ငလျင်ဆင်းကား၊ သနင်းခွေးဗိုလ်၊ ပလ္လင်ပြိုအံ့” တဲ့။
အကျယ်ဖွင့်ဆိုပြရမယ်ဆိုရင်ဖြင့် နပတမှာ ငလျင်လှုပ်တော့ ခွေးတို့သနင်း မင်းတြားရူး မအိမ်လုံးရဲ့ ဝပ်ကျင်းပလ္လင်ပြာပုံ ပြိုကျပျက်စီးချေလေပြီ။ တနည်းအားဖြင့် ကြင်စိုးအဖြစ်က ကြိုးစင်ကလွဲ မှတပါး အခြားမရှိလေတော့ပြီ။
ဆို့စ်-ကျူးလိပေါင် သတင်းစဉ် (လမ်းပုခုံးမေးတင်၊ပြေးရန်ပြင်၊ငကြင့်ဖြစ်အင် ကဏ္ဍ)