ဆို့စ်-ကျူးလိပေါင်သတင်းစဉ် (“ငတို့အား တုဖက်ပြိုင်၊ မအိမ်လုံးကတော့မနိုင်ပါပြီ၊ ဆုံးရှုံးခြင်းသာရင်မှာပိုက်လို့၊ ငိုရှိုက်ခါအဝေး ပြေးရပါတော့မည်” ကဏ္ဍ)
- ကျူးလိပေါင်
- Jun 3
- 1 min read
စာက ရေးမို့ပဲ။ စိတ်မအား လူမနားဖြစ်နေလို့ မရေးနိုင်။ ဒါဘေမက် ကျူးမရေးလဲ ဒီရက်ပိုင်း မြင်ရကြားရတွေက မိုတီအပြည့်နဲ့ အီစိမ့်နေပြီးသားပဲ မဟုတ်လား။
စစ်ရေးတင်မက နိုင်ငံရေး သံရေးတမန်ရေး ကဏ္ဍစုံမှာ ဟန်မကျပုံက ကြင်စိုးအဖို့မတော့ ခွေးကျိုး ချောင်ပိတ်ရိုက် ခံရသလို အငိုလွယ်သလောက် အရှိုက်ခက်။ အသက်ထွက်ဖို့ပဲ ကျန်တော့တယ်။
Half-time နဲ့ ရပ်ဆိုင်းနေတဲ့ မြို့ပြခွေးလေခွေးလွင့်နှိမ်နင်းရေးလဲ ဂျပုအတွက် တဖန်မွေးဖွားလာ။ ကေနုခွင်မလဲ ဖားစည်တီးသံ မိုးထက်ညံ၊ လက်သံပြောင်ချက်က အောင်ပွဲတွေအောတိုက်။ ကနဲလေးဆို ညမကူးဘူး။ ကေနုဗွီးရှင်း နေ့ချင်းပြီး တီးထည့်ပလိုက်တာ။ ဒီကနေ့ ရွှေအေးမြိုင် ထပ်ရသတဲ့။ မတ်၊ ဧပြီ၊ မေ (၃) လအတွင်း ပဒိုတို့ ဆိုတီးလေးနဲ့ ကြင်စိုးနှာနုဖြတ်ရိုက်ပစ်တာ မှန်း… ဘယ်လောက်တောင်ရှိပြီလဲ ချရေး ကြည့်ရအောင်။
ပူးလူးတူ၊ မော်ဖားသူး၊ ခလယ့်ဒေး၊ တခေါဘီခွီး၊ တာလယ်၊ မယ်လ၊ မော်ဖိုးကေ၊ ဘလက်ဒို အပါ အနည်းဆုံး စခန်း(၁၀)ခု မကရှိသွားရှာပြီ။
ငကြင့်အောက်ဆွဲတွေ အပြေးတင် သန်လှ မမှတ်လေနဲ့။ ရေကူးလဲ ကျွမ်းသဗျ။ အတီးက ဇစ်ဖြုတ်ပြရုံရှိသေး မနှဲလေးတို့ကမ်းဖက် ခွေးပြေးဝက်ပြေးကူးပြေးတာများ Michael Phelps ရဲ့ အိုလံပစ်စံချိန်တောင် ကျိုးလောက်ကဲ့။
ဒီကြားထဲ ဆုံဆည်းမြိုင်မှာ အထိုင်ချခွင့်တောင်းတာ DKBA က ကန်တော့ပါသေးပြောလွှတ်လို့ တပ်လုံးကုန် စမုံတုံးရပြန်။
အပီသိပ်တဲ့ ဝဇီပိတ်ရဲ့ ယတြာအစွမ်းတွေ အံ့မခန်းအလုပ်ဖြစ်နေတဲ့သဘော။ တလောက ကြံရာမရတဲ့အဆုံး အလ္လဇ္ဇီဂဒုံးဆီ ငကြင်တို့လင်မယား ဖျင်သွားလျားထားတာ အလကားမဖြစ်ဘူးပဲ။
ယတြာအစွမ်းက ဖိုးမူတို့အတွက်ပဲလားဆိုပြန်တော့ ဘယ်ဟုတ်ပါ့။ အင်္ဂပူကိုလဲစမ်း၊ ကျောက်ဖြူကိုလဲ နမ်းနေတဲ့ အကိုထွင်းတို့ဆီမှာလဲ စွမ်းသဗျား။
တနေ့ကပဲ ကျောက်ဖြူ ခြေမြန် (၁၁) ကအကောင်ကြီးကြီး အမြီးရှည်ရှည်၊ တခွေတပွင့် နည်းဗျူဟာမှူးဆိုတဲ့ငနဲ အကိုထွင်းတို့ စနိုက်ပါလက်ချက်နဲ့ကြွ။ ဒီပုံအတိုင်းဆို ကျောက်ဖြူလဲ ကြာတော့မယ်မထင်။ အခုတောင် နောက်ဆုံးခံစစ်ပြင်တဲ့အနေနဲ့ စခတွေ OGT စက်ရုံဝင်းထဲ ဝင်ပုံးနေရတဲ့ဘွ ရောက်နေကြပြီ။
အက်လို လေးဖက်ထောက်နေရပါတယ်ဆိုမှ မြွေပူရာကင်းမှောက်၊ ဘကုံးက သူ့သံတမန်တွေ ပြန်ခေါ်လေတော့ ကြင်စိုးအဖို့ အရူးဖျင် သရဲထိုးသလို ငိုငိုရီရီ အီတီတီကြီးကို ဖြစ်လို့။ ဒီကြားထဲ အာဆန်ဥက္ကဌက ရွေးကောက်ပွဲ ခွေးတိုးပေါက်က ခေါင်းပြူဖို့ မကြံလေနဲ့လို့ သဟောက်သဟမ်း လှမ်းလုပ်တာ ခံရပြန်သေး။
ထိုစဉ် တင်နီလာအေးနဲ့ ကီယာကလဲ မတူတာတွေ အသာထား၊ တော်လှန်ပန်းတိုင် မယိမ်းယိုင်စေရေး လက်တွဲကာနော် အတူဆော်ကြမတဲ့။
တောင်ဇလပ်တို့ဌာနီ ချင်းညီဘွားတို့ဖက်မလဲ ခွေးတကောင်၊ကြောင်တမြီးမှ တက်မလာခဲ့နဲ့ဆိုပြီး ဆော်ပလော်တီးနေလို့ ဂျပုအောက်ဆွဲ သကောင့်သားတွေ အလူးအလဲ။
ကဲ ဒလောက်ဆို ပေါက်လောက်ကြပြီထင်။